International News

စင်ကာပူနိုင်ငံတွင် နည်းပညာပိုင်းဆိုင်ရာကျဆင်းမှုအန္တရာယ်ကို လျှော့ချရန် အစီအစဉ်များကို လွှတ်တော်တွင် စင်ကာပူကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး Mr. Gan Kim ဖြေကြား

Last Updated:

စင်ကာပူနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊မေလအထိ စက်သုံးဆီမဟုတ်သည့် ပြည်တွင်းကုန်စည်တင်ပို့မှု ၈ လဆက်တိုက်ကျဆင်းမှုနှင့်စပ်လျဉ်း၍ ကမ္ဘာ့စီးပွားရေးကျဆင်းလျက်ရှိသည့်စိန်ခေါ်မှုတွင် နည်းပညာပိုင်းဆိုင်ရာကျဆင်းမှုအန္တရာယ်ကို လျှော့ချရန်အစီအစဉ်များ၊ စင်ကာပူဒေါ်လာ၏ ခိုင်မာမှုသည် စင်ကာပူနိုင်ငံ၏ပို့ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းအပေါ်  သက်ရောက်မှု၊ ကမ္ဘာ့ကုန်သွယ်မှုတွင် စင်ကာပူနိုင်ငံအနေဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမှုအတွက် ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများ းစသည်တို့နှင့်စပ်လျဉ်း၍ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဝန်ကြီးကို လွှတ်တော်တွင် မေးမြန်းခဲ့ပါသည်။

အဆိုပါမေးမြန်းချက်နှင့်စပ်လျဉ်း၍ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး Mr. Gan Kim Yong က စီးပွားရေးအင်အားကြီးနိုင်ငံများတွင် စီးပွားရေးကျဆင်းမှုကြောင့် ကမ္ဘာ့ဝယ်လိုအားမှာ သိသိသာသာနည်းပါးခဲ့သည့်အတွက် စင်ကာပူနိုင်ငံ၏ပို့ကုန်တင်ပို့မှုများ ကျဆင်းခဲ့ကြောင်း၊ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့က ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်ခြင်းကို ကိုင်တွယ်ဖြေရှင်းရန်အတွက် တင်းကြပ်သည့်ငွေကြေးမူဝါဒကို ချမှတ်ကြောင်း၊စင်ကာပူဒေါ်လာတန်ဖိုးတက်ခြင်းသည် ကမ္ဘာ့ကုန်ဈေးနှုန်းမြင့်တက်မှု၏သက်ရောက်မှုကို လျော့နည်းစေပြီး စာသုံးသူ/သုံးစွဲသူ သာမက စင်ကာပူနိုင်ငံတွင် စီးပွားရေးလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းများအတွက် ကုန်ကျစရိတ်ကို သက်သာစေကြောင်း၊  စင်ကာပူနိုင်ငံသည် ကုန်ထုတ်လုပ်မှုနှင့်ကုန်သွယ်ရေးဗဟိုဌာနအနေဖြင့် တည်ရှိနေခြင်းအပြင် စီးပွားရေးအရယှဉ်ပြိုင်နိုင်စွမ်းမှာ ယခင်အတိုင်းရှိနေဆဲဖြစ်ကြောင်း၊ International Institute for Management Development, World Competitiveness Ranking အရ စင်ကာပူနိုင်ငံသည် ယှဉ်ပြိုင်နိုင်စွမ်းတွင် ကမ္ဘာ့အဆင့် ၄ ဖြစ်ပြီး အာရှတွင် အဆင့် ၁ ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။

ဆက်လက်၍ ၎င်းက ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ်တွင် စီးပွားရေးမှာ ၀.၅ ရာခိုင်နှုန်းမှ ၂.၅ ရာခိုင်နှုန်းအကြား တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း၊ စင်ကာပူနိုင်ငံ၏ လေကြောင်းနှင့်ခရီးသွားလာရေးနှင့်ဆက်စပ်သည့်ကဏ္ဍများတွင် စီးပွားရေးပြန်လည်ကောင်းမွန်လာမှုသည် စီးပွားရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို အကူအညီပေးနိုင်ရန်အတွက် Enterprise Financing Scheme၊ Energy Efficiency Grant တို့အပြင် ကာလတိုထောက်ပံ့မှုအစီအမံများကို မိတ်ဆက်ပေးခဲ့ကြောင်း ဖြေကြားခဲ့ပါသည်။

Mr. Gan Kim Yong က ကမ္ဘာ့ကုန်သွယ်မှုတွင် ယှဉ်ပြိုင်နိုင်မှုကို ပိုမိုအားကောင်းစေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒီဂျစ်တယ်နှင့်အစိမ်းရောင်စီးပွားရေးဆိုင်ရာ ကုန်သွယ်မှုသဘောတူစာချုပ်များ၊ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်များ(Free Trade Agreements)၏ ဆက်လက်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း၊ ကုမ္ပဏီများကို ဈေးကွက်အသစ်များရရှိရေးအတွက် အကူအညီပေးသွားမည်ဖြစ်ပြီး ပို့ကုန်တိုးမြှင့်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများအနေဖြင့် EnterpriseSG’ Market Readiness Assistance Grant၊ ပြည်ပရှိ Enterprise Singapore ၏ စင်တာ ၃၆ ခုမှ အထောက်အပံ့များကိုလည်း ရယူနိုင်ကြောင်း၊ လေကြောင်းနှင့် ပင်လယ်ဆိပ်ကမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်း၊ ကုမ္ပဏီများ၏ ဒေသတွင်း၌ ကုန်စည်/ဝန်ဆောင်မှုကဏ္ဍတို့တွင် အားကောင်းစေခြင်းဖြင့် ကမ္ဘာ့ထောက်ပံ့မှုကွင်းဆက်တွင် ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Industry Transformation Maps ကိုအကောင် အထည်ဖော်ခြင်းဖြင့် စင်ကာပူလုပ်ငန်းများအနေဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး လုပ်သားများအတွက် ကောင်းမွန်သည့်အလုပ်အကိုင်အလားအလာများ ဆက်လက်ရရှိမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့် ကုန်သွယ်ရေးချိတ်ဆက်မှု ပိုမိုအားကောင်းစေရန်အတွက် လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်များကို  ပိုမိုချုပ်ဆိုလာနိုင်ကာ ၎င်းတို့၏ကုန်သွယ်မှုကွန်ယက်ကို ချဲ့ထွင်သွားမည်ဖြစ်ကြေင်း၊ စင်ကာပူကုမ္ပဏီများကို ဘဏ္ဍာရေးသာမက ကမ္ဘာ့နေရာအနှံ့ရှိ ရုံးခွဲများ၏အထောက်အပံ့များဖြင့် ၎င်းကုမ္ပဏီများ၏ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ အားသာချက်ဖြစ်သည့် ထောက်ပံ့ပို့ဆောင်ရေးနှင့်ခရီးသွားကဏ္ဍကို ရွေးချယ်အခြေပြု၍ ကမ္ဘာ့ထောက်ပံ့မှုကွင်းဆက်သို့ ထဲထဲဝင်ဝင်ပါဝင်နိုင်အောင်ဆောင်ရွက်ခြင်းဖြင့် ၎င်း၏မျှော်မှန်းချက်ဖြစ်သည့် ကမ္ဘာ့ကုန်သွယ်မှုဗဟိုဌာနဖြစ်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးအတိုင်းအတာအရ ၎င်း၏ယှဉ်ပြိုင်နိုင်စွမ်းကိုတိုးတက်စေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သုံးသပ်ရပါ သည်။

ရင်းမြစ်။        Ministry of Trade and Industry, Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News